ကျောင်းဆရာဘ၀ အတွေ့အကြုံများ

ကျောင်းဆရာဆိုတော့ အထက်တန်းကျောင်းဆရာ၊ တက္ကသိုလ်က လက်ထောက်ဆရာ၊ နည်းပြတွေထင်နေကြဦးမယ်။ တကယ်တော့ ပုဂ္ဂလိက ကွန်ပြူတာသင်တန်းကျောင်းက ဆရာပေါက်စ ဘ၀က အတွေ့အကြုံတွေပါ။

ပထမဦးဆုံး အတွေ့အကြုံကတော့ stage ပါပဲ။ Machine room instructor ဘ၀ ကနေ Assistant instructor ဘ၀ရောက်တော့ အသက်က ၂၀ ၀န်းကျင်ပဲ ရှိသေးတယ်။ Stage ပေါ်တက်စာသင်ရတော့ ဒူးနဲနဲတော့တုန်တာပေါ့။ ဒါတောင် ငယ်ငယ်က အထက်တန်းကျောင်းသားဘ၀က stage ပေါ်တက် ကျောင်း ကပွဲ တွေ၊ ကျပန်းစကားပြောပြိုင်ပွဲတွေ မှာ အပြီအပြင် ကြဲလာတာ။ ဒီအတွေ့အကြုံလေးရှိတော့သာ တော်တော့တယ်။ တကယ်တန်းပြောရရင် stage ပေါ်တက် စာသင်ရတဲ့အလုပ်က တော်တော်မလွယ်တဲ့အလုပ်ပါ။ တော်ရုံတန်ရုံ အရှက်မရှိရုံနဲ့ မရဘူး။ တော်တော်လေး အရှက်မရှိမှ ရတာ။ (ကျန်သော ဆရာ၊ဆရာမများ အားမရည်ရွယ်ပါ။ ဟီးဟီး)

ပထမ ဦးဆုံး စာသင်ရတဲ့ အတန်းမှာ စပြီးအရှက်ကွဲတာပါ။ ကိုယ်အသုံးမကျတာလဲ ပါတာပေါ့။ အဲဒီ နေ့က ကချင်ပုဆိုး ၀တ်ပြီးစာသင်တာ။ ခဏနေတော့ ရှေ့ ဆုံးတန်းက ကျောင်းသူတစ်ယောက်က ဆရာဆိုပြီးလှမ်းခေါ်တယ်။ ဆရာပေါက်စဆိုတော့ စာမေးလို့ မဖြေနိုင်ရင် အရှက်က ဗြန်းကနဲနေအောင်ကွဲမှာလေ။ ဒီတော့ လန့်လန့်နဲ့ အနားသွားပြီး ဘာမေးမလို့လဲ၊ ဘာမရှင်းလို့လဲ ဆိုပြီးမေးတော့ အဲဒီ ကျောင်းသူက ဟင့်အင်း စာမေးမလို့ မဟုတ်ဘူးတဲ့။ ဆရာကို တိုးတိုးလေး ပြောစရာရှိလို့တဲ့။

ဟိုက် . .
ရင်ထဲကိုထိတ်ကနဲ နေသွားတာပဲ။ (လန့်သွားတာပါ၊ ရင်ခုန်သွားခြင်း မဟုတ်ပါ။)

ပြီးမှ လေသံတိုးတိုးလေးနဲ့ ဆရာ... ဆရာ့ ပုဆိုးက ဖင်မှာ ပေါက်နေတယ်တဲ့။ ပြောတဲကျောင်းသူကလည်း မျက်နှာက နီနေပြီးတော့ ခေါင်းကို ငုံ့ပြီးပြောတာ။ စဉ်းစားကြည့်ကြပေါ့ဗျာ။ Stage ပေါ်တက် စာသင်တာ ဒါပါနဲ့ဆို ဒုတိယ အကြိမ်ပဲ ရှိသေးတာ။ တော်တော်ကို ထူပူသွားတာ။ ဒါပေမယ့် သိတယ်မဟုတ်လား။ ရဲမြင့်ဝင်းလေ... ဟန်ကိုယ်ဖို့ ပေါ့။ အော် ဒါလား အင်းအင်း ဆိုပြီး ဘာမှ မဖြစ်တဲ့ပုံနဲ့ ခက်တည်တည်နဲ့ corridor ထွက်ပြီး ပုဆိုးကို လှည့်ဝတ်။ ပြန်ဝင်ပြီးတော့မှ သတိပေးတဲ့ ကျောင်းသူကို ကျေးဇူးတင်စကားဘယ်လိုပြောရမှန်းမသိတာနဲ့ လှည့်ဝတ်ပြီးပြီ ဆိုတဲ့အကြောင်း သွားပြောလိုက်တယ်။

ကျွန်တော့်ကို ပြန်ကြည့်တဲ့ မျက်လုံးကတော့ ဘယ်လိုဆရာလဲမသိဘူး တော်တော်အရှက်မရှိတာပဲ ဆိုတာမျိုးနဲ့။
တကယ်ဆိုရင် အိပ်ခြင်မူးတူးနဲ့ တွေ့တဲ့ပုဆိုးကို ၀တ်လာတာ။ အတန်းချိန်က မနက် ၇ နာရီလေ။ ၆နာရီ ၄၅ မှ နိုးတာလေ။ ဒီတော့ ကမန်းကတန်းနဲ့ ပြေးတာ။ ပုဆိုးကို သိပ်ဂရုမစိုက်မိဘူး။ ကျောင်းဆရာ ဘ၀ မှတ်မှတ်ရရ အတွေ့အကြုံ ပေါ့ဗျာ။

ဒါတင်မပြီးသေးပါဘူး။ ဆက်ရန်ရှိပါသေးသည်
မျှော် . . . .

Comments

  1. ကျေးဇူးပြုပြီး MCC မှ လုပ်ဖော်ကိုင်ဖက်များ ဓါတ်ပုံများရှိသေးရင် အီးမေးလ်ပို့ပေးကြပါ။ Picasa web album မှာ သီးသန့်လေးတင်ချင်လို့ပါ။

    ReplyDelete
  2. ကိုရဲ ရယ် ဆရာ လုပ်တုန်းက သိပ်မရီရဘူး။ အခုလို ရှင်းပြမှပိုရီရတယ်။

    ReplyDelete
  3. ဟဲဟဲ အခုလို အားပေးတဲ့ အတွက် ကျေးဇူးပါ ၀တ်ရည်...

    ReplyDelete

Post a Comment