တောသားမြို့ရောက်

အခြားတိုးတက်ပြီးသားနိုင်ငံတွေကို မြို့လို့သတ်မှတ်ပြီး ရန်ကုန်ကို တောလို့သတ်မှတ်ခဲ့ရင် ကျွန်တော် အမောင်တောသား မြို့ပေါ်တက်သွား (ချီးခြောက်ကောက်စား) သလိုတော့ဖြစ်နေတော့မှာပါပဲ။ တကယ်တော့ မစားပါဘူး။ Mac Donal က Hamburger ကို coca cola နဲ့ပဲ မြိုချတာပါ။(နေ့တိုင်းမစားနိုင်ပါ) ငယ်ငယ်က သူငယ်ချင်းတချို့ နယ်ကနေ ကျောင်းပြောင်းလာရင် နောက်ပြောင်နေကြစကားကို သွားသတိရလို့ပါ။

လေယဉ်ပေါ် အရောက် ဘေးမှ ခလုပ်တွေကိုကြည့် ဟိုနှိပ် ဒီနှိပ်။ ပျော်တာပေါ့ တသက်လုံးက လေယဉ်ပျံဆိုလို့ fokker လောက်ကို ပြည်တွင်းခရီးစဉ်ကို သံဗုဒ္ဒေရွက်ပြီး ၁ ခေါက်ပဲဖြစ်ဖြစ်မည်အောင်စီးဖူးတာ။ အဲဒီတုန်းကလည်း ဗန်းမော်ကနေ မန္တလေးကို ဘယ်လိုရောက်မှန်းမသိ ရောက်သွားတာ။ ကုသိုလ်တော့ တော်တော်ရခဲ့တယ်။ သံဗုဒ္ဒေကို ဘယ်နှစ်ခေါက်မှန်း မသိအောင် ရွက်ပြီးစီးလာတာ။ ဒါနဲ့ ရှိသမျှ ခလုပ်တွေအကုန်စမ်း နှိပ်ကြည့် ဒါမှ ရန်ကုန်ကို ပြန်ရင် လေယဉ်ပျံပေါ်မှာ ဘာတွေရှိသလဲပြောလို့ ရမှာပေါ့။ ခလုပ်အကုန်လုံး အလုပ် လုပ်ပါတယ်။ ဒါပေမယ့် လူရုပ်ကလေးပြထားတဲ့ ခလုပ်ကနှိပ်လို့ လည်းမရဘူး။ ဒါနဲ့ ဆွဲကြည့်တော့ရတယ်။
ဘာမှအလုပ် မလုပ်ဘူး။ နှစ်ခေါက် သုံးခေါက်လောက် ထပ်ဆွဲကြည့်တယ်။ မထူးဘူး။ ခဏနေတော့ လေယဉ်မယ်ရောက်လာပြီး ဘာအကူအညီပေးရမလဲ မေးတော့မှ ဒီခလုပ်က လေယဉ်မယ်ကို ခေါ်တာပါလားဆိုတာ သိတော့တယ်။ ဘာရမလဲ တောသားလူလည်ပါကွ လာမေးတော့ ခလုပ်မှားနှိပ်တယ်လို့ ပြောလိုက်တာပေါ့။

လေယဉ်ကိုစီး သုဝဏ္ဏဘူမိ လေဆိပ်အရောက် transit လက်မှတ်လဲရန် အလို့ငှာ လေကြောင်းလိုင်းကို အသွား ဘေးမှအဖေါ်ကို ဆေးလိပ်သောက်ရန်အဖေါ်ညှိ။ ဆေးလိပ်ဝင်သောက်ပြီးသကာလ boarding pass ရပြီးသော အခါမှ စီးရမည့်လေယဉ်လိုင်းက final call ကခေါ်နေပြီ။ ရွေ့ ရှားစက်လှေခါးပေါ် trolley တင်ပြီး လေကြောင်းလိုင်းရှိရာ terminal သို့ အသည်းအသန်ပြေး။ တော်သေး သပ နောက်ဆုံးက မှီသွားလို့။ ဒီလေယဉ်ပေါ်ရောက်တော့ တမျိုး။ ခုံတွေမှာ တစ်ယောက်ကြည့် LCD လေးတွေပါတယ်။ ဘာရမလဲ တောသားလူလည်ပါကွ ရန်ကုန်က ဖွတ်ချက်ဖွတ်ချက် Internet ကနေ ကြိုကြည့်လာတာ။ ဒါပေမယ့် ဆွဲထုတ်ကြည့်တော့ ကျပ်နေတယ်။ တော်ကြာနေ လျှော်ခိုင်းနေရင် ဒုက္ခဆိုပြီး ခဏငြိမ်နေလိုက်တယ်။ ကြာလာတော့ ပြင်းလာရော ဒါနဲ့ပဲ လေယဉ်မယ်ကို အကူအညီတောင်းပြီးထုတ်ခိုင်းလိုက်တယ်။ သူထုတ်တော့လည်း လွယ်လွယ်လေးပဲ။ လေယဉ်မယ်ဆီက တောသားဆိုတဲ့ အကြည့်တချက်တော့ရလိုက်ပါတယ်။ အနည်းဆုံးတော့ အကြည့်ခံရတာပေါ့။ ဒါပေမယ့် ကိုယ်တယောက်တည်းလားဆိုတော့ မဟုတ်ပါဘူး။ ဘေးက သူ့ တို့ လူမျိုး တောသားတကောင်လည်း မထုတ်တတ်လို့ မေးနေတာတွေ့တော့ နဲနဲတော့ခံသာပါတယ်။

တကယ်ဆို တောသားတယောက် မြို့ပေါ်တက်တာ မလွယ်ပါလားနော်။
တောသားတွေများ မြို့ပေါ်ရောက်ရင် အများဆုံးလုပ်ကြတာက ဓါတ်ပုံရိုက်ကြတာပါပဲ။
ဒါမှလည်း ရွာက ဆွေမျိုးမိတ်သင်္ဂဟတွေနဲ့ သူငယ်ချင်းအပေါင်းအသင်းတွေကို ပြန်ကြွားနိုင်မှာပေါ့။
တောသားဓါတ်ပုံတွေကို ကြည့်ချင်ရင် ဒီမှာကြည့်ကြပါဗျို့။

Comments

  1. ဒါ့ပုံတွေ ကြည့်သွားတယ် ဆရာလေး

    ReplyDelete

Post a Comment